ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၌ကျင်းပသည့် ၂၀၂၄ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတက်ရောက်
ပုသိမ် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့အင် ဒို့အား” သီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် ယူနက်စကိုအဖွဲ့ကြီး၏ဦးဆောင်မှုနှင့် ကမ္ဘာ့စာတတ်မြောက်ရေး ကွန်ဂရက်မှ စက်တင်ဘာလ(၈)ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့(International Literacy Day) အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၆ ခုနှစ်မှ စတင်၍ ကမ္ဘာတစ်ဝှမ်း နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့တွင် (၅၈)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်စေရန်လိုအပ်သော အသိပညာ၊ညအတတ်ပညာနှင့်အရည်အချင်းများကို မြှင့်တင်ရန်အတွက်စာတတ်မြောက်မှုစွမ်းရည်သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း သတိပေးချက်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ (၂၁) ရာစုကာလသည် ပညာခေတ်ဖြစ်သည့်အားလျော်စွာအသိပညာ၊ အတတ်ပညာ၊ နည်းပညာတို့ဖြင့် လူ့ဘောင်သစ်ကိုတည်ထောင်ကြသည့်ကာလတွင် လူတိုင်းစာတတ်မြောက်ရေးသည်အလွန်အရေးကြီးလှပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁ - ၂၀၃၀) အရ ကျောင်းပြင်ပရောက် ကလေးလူငယ်များအတွက် ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် ပညာသင်ယူမှုခွင့်အလမ်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စာမတတ်သူများအတွက် အခြေခံစာတတ် မြောက်ရေးလုပ်ငန်း အစီအစဉ်များကိုလည်းနှစ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြနှင့် ဘိုကလေး (၅)မြို့နယ် တို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ၂၀၂၄ ခုနစ်၊ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ ရက်ပေါင်း (၄၀) ကြာ စာသင်ဝိုင်း(၄၇၉)ဝိုင်း ဖွင့်လှစ်၍ စာသင်သားပြည်သူပေါင်း ( ၄၉၆၁) ဦးကိုစာတတ်မြောက်စေခဲ့ပါကြောင်းနှင့် ဆက်လက်၍ (၂၆) မြို့နယ်လုံးတွင်လည်း စာသင်ဝိုင်း (၁၇၇၁) ဝိုင်း ဖွင့်လှစ်၍ စာသင်သားပြည်သူပေါင်း(၂၅၀၁၆) ဦးတို့အား အခြေခံစာတတ်မြောက်စေခဲ့ပါကြောင်း၊ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “အပြန်အလှန် နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန် လိုအပ်လို့ ဘာသာစကားစုံ ပညာရေးကို မြှင့်တင်ကြပါစို့” ဟူသောဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်း၏ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အရေးကြီးသကဲ့သို့ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အရေးပါလှသည်ဖြစ်ရာ နိုင်ငံသားတိုင်းစာတတ်မြောက်ရေးအတွက် အဖက်ဖက်ကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ၂၀၂၄ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ယူနက်စကို ညွှန်ကြားရေးချုပ်ကပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ၂၀၂၄ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆုများချီးမြှင့်ခဲ့ကြပြီးနောက် ပုသိမ်မြို့ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အနာဂတ်ရဲ့အိမ်ရှင်”သီချင်းဖြင့်လည်းကောင်း၊ ပုသိမ်မြို့ အမှတ်(၁၀)အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“စာ လုံးရေးချစာ”သီချင်းဖြင့်လည်းကောင်း တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပုသိမ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၄ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဉ္စမနေ့နှင့် ဆဋ္ဌမနေ့ ပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယမန်နေ့ညနေပိုင်းက( ပဉ္စမနေ့ )ပြိုင်ပွဲများ ဖြစ်သည့် အခြေခံပညာ(၁၅-၂၀)နှစ် (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်၊ အခြေခံပညာ (၁၀-၁၅)နှစ် (အမျိုးသား/အမျိုးသမီး) မဟာဂီတ၊ အခြေခံပညာ(၁၀-၁၅)နှစ် (အမျိုးသား/အမျိုးသမီး) ခေတ်ဟောင်း/ကာလပေါ် တို့၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပလျက်ရှိသည့် ဆဋ္ဌမနေ့ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ(၁၀-၁၅)နှစ် (အမျိုးသား/အမျိုးသမီး) ဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်း(အရေး)၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာ (၁၅-၂၀)နှစ် (အရေး)ပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။