ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတက်ရောက်

ပုသိမ်      စက်တင်ဘာ         ၅ 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုများအား သက်ဆိုင်ရာဌာနများကလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ဆန်စပါးထုတ်လုပ်မှုအများဆုံး တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဆန်စပါးနှင့် ပတ်သက်၍ လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် ဆန်အရည်အသွေးများ ပိုမို ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အရည်အသွေးမီသည့် ဆန်စက်များဖြစ်ရန်လိုပါ ကြောင်း၊ လာရောက်လျှောက်ထားသည့် ကုမ္ပဏီများနှင့်ပတ်သက်၍ ကော်မတီဝင်များကလည်း  သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်မည့် အစီအစဉ်အလားအလာကောင်းများကိုလည်း ရှင်းလင်းတင်ပြပေးကြ စေလိုကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူးနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Arise Company Limitedက ဆန်ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းကိစ္စအား  ရှင်းလင်းတင်ပြခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

 

05-Sep-2024