ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တက်ရောက်
ပုသိမ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူတက်ရောက်အားပေးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုခ်ဉီးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ဖျော်ဖြေးအဖွဲ့များအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကာဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် ဟင်္သာခန်းမတွင် ဟင်္သာတမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ ထိန်းသိမ်းစို့လေ စာပေအမွေ” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရှင်သန်ခိုင်မာ နေသည့် စာကြည့်တိုက်၃၀၀ကျော်ရှိပြီး အထင်ကရစာကြည့်တိုက် ၉ တိုက်ရှိပါကြောင်း၊နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာများတွင် ကျေးရွာစာကြည့်တိုက်များ စတင်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စာကြည့်တိုက်များတွင် အသုံးပြုရန်လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာမြင့်မားလာအောင်လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကာရေးကို လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူများစာပေ လေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည် ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် အထူးဆုဆုရရှိသူများအား တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် တတိယဆုဆုရရှိသူများအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမဆုရရှိသူများ၊ ဟင်္သာတခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက် (၉) အတွက် အလှူငွေများနှင့် စာအုပ်စာစောင်(၂၃၂၂)အုပ်၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေမှုများနှင့်ပြခန်းများ ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ တောင်သူဦးဇော်ဦး၏ စိုက်ဧက(၃)ဧကတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုအား ပြန်လည်၍ ကောက်စိုက်လုံမေများ၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် ပြန်လည်ကုစားစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများနှင့် တောင်သူများကို ထွန်းပုမျိုးစပါးများထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ဧကများပြည့်မီစေရေးနှင့်အောင်မြင် အောင်စိုက်ပျိုးစေရေးမှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား)(အမျိုးသမီး)မဟာဂီတ၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား)(အမျိုးသမီး) ခေတ်ဟောင်း/ကာလပေါ်၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား)(အမျိုးသမီး) အမျိုးဂုဏ်ဇာတိဂုဏ်၊ ဝါသနာရှင်ပထမတန်း(အမျိုးသား)(အမျိုးသမီး) စန္ဒယား ၊ ဝါသနာရှင်ပထမတန်း(အမျိုးသား)(အမျိုးသမီး) ပတ္တလား ပြိုင်ပွဲများကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယှဉ်ပြိုင်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ညနေပိုင်းက ဝါသနာရှင်ပထမတန်း(အမျိုးသား)(အမျိုးသမီး) စန္ဒယား ၊ ဝါသနာရှင်ပထမတန်း(အမျိုးသား)(အမျိုးသမီး) ပတ္တလား ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။