ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်        စက်တင်ဘာ     ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ မေထုန်မဲ့ သားစပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်နေသည့်အပြင် မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ၊ ရေချို၊ ရေငန်မွေးမြူရေးလုပ်ငန်းများအပြင် အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွားစသည့် မွေးမြူရေးလုပ်ငန်းများသည်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် နွားမွေးမြူရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်းများပိုမိုမွေးမြူထုတ်လုပ်နိုင်ရန်အတွက် မြို့နယ်များမှဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကိုမေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ နည်းစနစ်တကျဆောင်ရွက်နိုင်သည့် မေထုန်မဲ့သားစပ်ကျွမ်းကျင်သူ အရေအတွက်တိုးပွားလာစေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ရန်၊ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း နို့စားနွားမကောင်ရေ (၆၆,ဝဝဝ)ကောင် တိုးချဲ့မွေးမြူခြင်းကို ခရိုင်အခြေပြုမေထုန်မဲ့သားစပ်လုပ်ငန်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက်ဒီသင်တန်း ကိုဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊  ဒီကနေ့သင်တန်းကို သင်ကြားပေးကြမယ့် သင်တန်းနည်းပြများ အနေဖြင့်လည်း မိမိတို့သင်ကြားပေးရမည့် ဘာသာရပ်များကို သင်တန်းသား များအားစနစ်တကျသင်ကြားပို့ချပေးကြရမှာဖြစ်ပါကြောင်း၊  သင်တန်းသားများ အနေဖြင့်လည်း ယခုသင်တန်းကနေရရှိလာမည့်မေထုန်မဲ့သားစပ်သင်တန်းဆိုင်ရာ အသိပညာများကို သင်တန်းတက်ရောက်နေစဉ်အတွင်းမှာ စိတ်ပါဝင်စားစွာဖြင့် သင်ကြားကြရန်နှင့် သင်တန်းပြီးဆုံးသည့် အခါမှာလည်း မိမိတို့ဒေသမှာ နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မေထုန်မဲ့သားစပ်စီမံကိန်း ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အစီအမံများအားလည်းကောင်းရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မေထုန်မဲ့သားစပ်ခြင်းများကို လက်တွေ့ပြသမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မေထုန်မဲ့သားစပ်သင်တန်းကို ၂ဝ၂၄ခုနှစ် စက်တင်ဘာလအတွင်းမှာ ပုသိမ်၊ ဟင်္သာတနှင့် မြောင်းမြမြို့ နယ်များ၌ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား(၂၀)ဦးမှ(၃၀)အထိ မေထုန်မဲ့သားစပ်သင်တန်း(အခြေခံ)သင်တန်းကာလမှာ(၅)ရက်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်းသိရသည်။

04-Sep-2024