ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သည့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ မိမိတို့ နိုင်ငံတွင် မကြာခင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူတော့မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး/ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထားဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသား ဆရာ/ဆရာမများအနေဖြင့် ပေးအပ် ထားသည့် တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက် ကြရန်” အမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သန်းခေါင် စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tabletနှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမည့် အထောက်အကူပြုပစ္စည်းများ ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းကို (၃.၉.၂၀၂၄) ရက်နေ့ မှ (၁၄.၉.၂၀၂၄) ရက်နေ့အထိ သင်တန်းပို့ချသွားမှာဖြစ်ကြောင်းသိရသည်။