ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်     စက်တင်ဘာ       ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊  ဧရာရွှေဝါခန်းမ၌ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁)ကို အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ(၅၀)ဦးအားလည်းကောင်း၊ သင်တန်းအမှတ်စဉ်(၂)ကို တိုင်းဒေသကြီးလွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်း(၄၃)ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်း(၁၅)ဦးတို့အားလည်းကောင်း သင်တန်းများဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းအမှတ်စဉ် (၃)ကို တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း (၁၀၀)ဦးတို့အား ဥပဒေအသိပညာပြန့်ပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ /ဆရာမ များအား ဥပဒေအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ပြည်သူများအား ဥပဒေ အသိပညာများ လက်ဆင့်ကမ်း မျှဝေပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဌာနဆိုင်ရာများမှအရာထမ်း၊ အမှုထမ်းများအား ယခုကဲ့သို့ ဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် မိမိတို့တာဝန် ယူရသည့်ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိ မှန်ကန်ထိရောက်သည့်လုပ်ရပ်များနှင့် နိုင်ငံနှင့်ပြည်သူအတွက် ကောင်းကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့ရပါသည်ဆိုသည့် အဖြစ်မျိုးမဖြစ်စေရေးအတွက် လူတိုင်းဥပဒေနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ ရရှိရန်လိုအပ်သည့်အတွက် ယခုလို ဥပဒေအသိပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင်ပို့ချ ပေးသည့် ဥပဒေဘာသာရပ်များကို လေ့လာမှတ်သားပြီး မိမိတို့တာဝန်ယူရသည့်ကဏ္ဍအလိုက် စီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း လိုအပ်သော ဥပဒေအသိပညာများကို လက်ဆင့်ကမ်းမျှဝေခြင့်ဖြင့် ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေး အကျိုးရှိစွာဆောင်ရွက်ကြရန်”  အမှာစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄)ကို ယခုလ (၂) ရက် နေ့မှ (၆) ရက်နေ့ထိ စုစုပေါင်း(၅)ရက်၊ သင်တန်းချိန် (၂၀) ချိန်ဖြင့် သင်တန်းသားဦးရေ ၁၀၀ ဦးအား  နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သော ဥပဒေဘာသာရပ် (၁၇)ခု၊ စီးပွားရေး စာချုပ်စာတမ်းအကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍  ဥပဒေအရာရှိ (၉) ဦးက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

02-Sep-2024