ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ်        ဩဂုတ်        ၂၇

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် လယ်များအတွက် မျိုးစပါးနှင့် မြေသြဇာများကို နည်းလမ်းအသွယ်သွယ်ဖြင့် အချိန်မီကုစားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၌ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍  မျိုးစပါးနှင့် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများ အမြန်ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးများ၊ သွင်းအားစုများ သွားရောက်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့တွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုသို့ လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးရာတွင် မိုးစပါးကာလ အောက်တိုဘာလကုန်အပြီး စိုက်ပျိုးရာတွင် သက်တမ်းတူကောက်နှံတူစပါးမျိုးများ၊ သက်တမ်းတိုမျိုးစပါးများဖြင့် ပြန်လည်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ပြန်လည်စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် မျိုးစပါး၊ သွင်းအားစုများ အချိန်မီရရှိအောင်  မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးသီးနှံများစိုက်ပျိုးရိတ်သိမ်းပြီးသည့်အခါ ဆောင်းသီးနှံ၊ နွေစပါးများစိုက်ပျိုးရမည်ဖြစ်၍ တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ဧကများ အပြည့်အဝ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး နည်းလမ်း အသွယ်သွယ်ဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် တောင်သူများကလည်း တက်ညီလက်ညီ ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုရှိ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဘတ်ချောင်းကျေးရွာရှိ တောင်သူဦးသန်းထွန်းအောင် ၏စိုက်ဧက(၅)ဧကတွင် ပခန်းရွှေဝါစပါးမျိုးအား ကောက်စိုက် လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။  ယင်းနောက် သာပေါင်းမြို့နယ်၊ ရိုးဝကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံဖြင့် ဆောင်ရွက်သည့် တောင်သူ ဇော်ဝင်းထွန်း၏ ဆင်းသုခမျိုးစပါး မျိုးထုတ်စိုက်ဧက(၁၀)တွင် ကွန်ပေါင်းဓာတ်မြေဩဇာ ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်

27-Aug-2024