ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပေးပို့ရန် ပြည်သူများမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများကြော်လှော်ထုတ်ပိုးပြင်ဆင်နေမှုများကို ကြည့်ရှုအားပေး

ပုသိမ်     ဩဂုတ်       ၂၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မင်းကျောင်းကြီးကျောင်းတိုက်၌ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပေးပို့ရန် ပြည်သူများမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများ ကြော်လှော်ထုတ်ပိုးပြင်ဆင်နေမှုများကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မြောင်းမြမြို့၊ မင်းကျောင်းကြီးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များကို တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပေးပို့ရန် ပြည်သူများမှ ​ စေတနာ၊ မေတ္တာအပြည့်ဖြင့် လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ကြော်လှော်ထုတ်ပိုးပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

23-Aug-2024