ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးပညာရေးမှူးရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်          ဩဂုတ်         ၂၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ပညာရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံ၍ အခြေခံပညာနှင့်ပတ်သက်သည့် ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ငွေလုံးငွေရင်း လျာထားဆောင်ရွက်မှုကဏ္ဍများအပြင်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆောင်ရွက်ရာတွင် အချိန်လုံလောက်မှုများရှိသည်ဆိုသော်လည်း ကြားကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများသည်လည်း များပြားပါကြောင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် စာသင်ကျောင်းများ ယာယီပိတ်ခဲ့ရပြီး ယခုအချိန်တွင် ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ပိတ်ရက်များတွင် ပြန်လည်အစားထိုး သင်ကြားနိုင်ရေးကိစ္စရပ်များကိုလည်း တင်ပြဆွေးနွေး ကြရန်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေး၊ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပြင်ဆင်မှု ကောင်းကောင်းဖြင့် ဆောင်ရွက်လိုမှုများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လိုမှုများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အခြေခံပညာအဆင့်မှ ပါဝင်ယှဉ်ပြိုင်မှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ” အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရေကြီးနစ်မြုပ်၍ ယာယီပိတ်ထားသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု အခြေအနေများနှင့် ပိတ်ရက်များတွင် ပြန်လည်အစားထိုး သင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊  အားကစားပွဲများပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လက်ရွေးစင် အားကစားသမားများ ရွေးချယ်နိုင်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်နေမှုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးစသည့် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

22-Aug-2024