ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်အတွင်း၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီရေကြီးနစ်မြုပ်၍ ထိခိုက်၊ ပျက်စီးသွားသောမိုးစပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့်ဓာတ်မြေဩဇာသွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်              ဩဂုတ်          ၂၁

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့်လယ်များအတွက်မျိုးစပါးနှင့်မြေသြဇာများကိုနည်းလမ်းအသွယ်သွယ်ဖြင့်အချိန်မီကုစားနိုင်ရေးဆောင်ရွက် ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နေ့လည်ပိုင်းတွင် ရေကြည်မြို့နယ် သင်္ဃန်းဒေါင့်အုပ်စုနှင့်အင်းလျာကုန်းအုပ်စု၊ ကျောင်းကုန်းမြို့နယ် မကျည်းပင်ကွင်း၊ ပန်းတောရိုးအုပ်စုများသို့ မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီ ရေကြီးနစ်မြုပ်၍ ထိခိုက်၊ ပျက်စီးသွားသောမိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာ သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းက“ မိုးအဆက်မပြတ်ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးဧကများရေကြီး နစ်မြုပ်ခဲ့ရပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည်စိုက်ဧကများအား မိုးစပါးများပြန်လည်ထွန်ယက် စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့်စိုက်ဧကများအတွက် အထွက်နှုန်းများထိခိုက်မှုမရှိစေရေးကုစားခြင်းများဆောင်ရွက်လျက်ရှိပြီး စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာစိုက်တိုးမြှင့်အဖွဲ့များအနေဖြင့်လည်း ကုစားစိုက်ပျိုးခြင်း၊ ပြန်လည်အစားထိုးစိုက်ပျိုး ခြင်းများ အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုအားထုတ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် သက်တမ်းတူ ကောက်နှံတူစပါးမျိုးများဖြင့် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မျိုးစပါးများကြိုတင်စုဆောင်းထားရှိသည့် မျိုးစပါး၊နှင့်သွင်းအားစု ထောက်ပံ့ပေးအပ်သကဲ့သို့ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ စိုက်ပျိုးရေးကုမ္ပဏီများကလည်း ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏ အခက်အခဲများကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအား အချိန်မီ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ၊ သက်ဆိုင်ရာဌာနများက ပိုမို၍ လုံ့လဝိရိယထားဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ရေကြီးနစ်မြုပ်လယ်ဧကများအား ပြန်လည်အစားထိုးစိုက်ပျိုးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြီးနစ်မြုပ်တောင်သူများထံသို့  မျိုးစပါးနှင့် ဓာတ်မြေဩဇာသွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် တောင်သူဦးသန်းလွင်၏ ပြန်ပေါ်သည့်စိုက်ဧက(၅)ဧကတွင် GW-11 မျိုးစပါးကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ပြုလုပ်သည် ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေကြီးမြင့်မှုကြောင့် စိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးမှုများရှိခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်၍ စိုက်ဧကများထိခိုက်ခဲ့သည့်မြို့နယ်များသို့သွားရောက်၍ တောင်သူများအားတွေ့ဆုံအားပေးခဲ့ပြီး ထိခိုက် ပျက်စီးခဲ့သည့်စိုက်ဧကများတွင် အချိန်မီကုစား ဖြည့်တင်းစိုက်ပျိုးနိုက်ရေးအတွက် လိုအပ်သော မျိုးစပါး၊ သွင်းအားစုများကိုထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီ ကုစားစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေးအားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ရေကြီးနစ်မြုပ်လယ်ဧကများအား ပြန်လည်အစားထိုးစိုက်ပျိုးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြီးနစ်မြုပ်တောင်သူများထံသို့  မျိုးစပါးနှင့် ဓာတ်မြေသြဇာသွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ ကြောင်းသိရသည်။

21-Aug-2024