မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ၂၀၂၄ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲကျင်းပ

ပုသိမ်         ဩဂုတ်          ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲသို့တက်ရောက်၍ မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့ မြို့နယ်အလိုက်ကောက်စိုက်သမအဖွဲ့များမှ ထွန်တုံးပိတ်စိုက်ပျိုးနေမှုများနှင့် မြောင်းမြမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ မြောင်းမြခရိုင်အတွင်း ရေတော်မိုးတော်မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ရေကြီးကွင်း၊ ရေနက်ကွင်းရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်သော်လည်း အိမ်မဲမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ခဲ့သည့်စိုက်ဧကများအား ကုစားဆောင်ရွက်ခြင်း၊ ပျက်စီးခဲ့သည့် စိုက်ဧကများအား ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများအား ကုစားခြင်း၊ ပြန်လည် စိုက်ပျိုးခြင်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ လိုအပ်မည့်မျိုးစပါးများ လုံလောက်စွာရရှိရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရေး၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ အစေ့ချစက်များ အသုံးပြု၍ အချိန်မီဆောင်ရွက်နိုင်စေရေးနှင့် စိုက်ဧကများပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှု မရှိစေရေး သက်ဆိုင်ရာမြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ တောင်သူများပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကောက်စိုက်လုံမေများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

20-Aug-2024