ပုသိမ်မြို့၌ (၇၂)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
ပုသိမ် ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ၁၃၈၆ ခုနှစ်၊ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အရုဏ်ဆွမ်း များဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကိုဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး အစရှိသည့်လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက် ၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။