ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်းအဝေးတက်ရောက်
ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) အစည်းအဝေးကိုပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများနှင့် ယခုအစည်းအဝေးတွင် တင်ပြလိုသည့်အချက်အလက်များကို တင်ပြဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကမ်းခြေခရီးသွားလုပ်ငန်းများအနေဖြင့် ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေအပြင် ရွှေသောင်ယံကမ်းခြေ၊ ဂေါ်ရန်ဂျီကျွန်းအစရှိသည်တို့တွင် လုပ်ငန်းလိုင်စင်ယူ၍ ကမ်းခြေခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ အဆောက်အဦများဆောက်လုပ်ရာတွင် တာဝန်ရှိသူအသီးသီးက ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိအောင် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ အဆောက်အဦများဆောက်လုပ်ရန် လုပ်ငန်းရှင်များ၏ တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးတင်ပြရန်လိုအပ်ပြီး မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက အထွေထွေဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။