ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသံဝရာဘိဝံသမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကျင်းပ
ပုသိမ် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေရေးဆောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါရှိ ဘဒ္ဒန္တသံဝရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ဦးစွာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့်ဆရာ တော်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။ယင်းနောက် ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ လှူဒါန်းသောအလှူငွေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်လှူဒါန်းရာ ကျောင်းဂေါပက ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်ဆရာ တော်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သာသနာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ကျင်းပရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ အမှူးပြုသော ပရိသတ်များက “သဗ္ဗေ သင်္ခါရာ အနိစ္စာတိ” အစချီသောဂါထာတော်ကို ရွတ်ဆိုကာ သံဝေဂဉာဏ်ပွားများ၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ဘုရားကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ရွှေရေးဆောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက စိန်ကတ္တီပါ လွှမ်းခြုံပူဇော်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ် ပွားတော်မူကြောင်း သဝဏ်လွှာကို တွဲဖက်အကျိုးတော်ဆောင် ဘဒ္ဒန္တသီဟနာဒ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းကလည်းကောင်း ဖတ်ကြားပူဇော်ခဲ့သည်။
ဆက်လက်၍ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ(အကျဉ်း)ကို မင်္ဂလာရာမကျောင်းတိုက်၊ ရေကြည်မြို့ မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ ဘဒ္ဒန္တဣန္ဒဝံသ ဆရာတော်အရှင်သူမြတ်က ဖတ်ကြားပူဇော်ခဲ့ပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ) မရဏာနုဿတိဘာဝနာတရားနှင့် ရေစက်ချဓမ္မသံဝေဂ အမျှပေးဝေခဲ့သည်။
ထို့နောက် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ငါးသိုင်းချောင်းမြို့၊ ပိဋကတိုက်ကျောင်း ဘဒ္ဒန္တဣန္ဒောဘာသ အရှင်သူမြတ်က ဂုဏထောမနာဂါထာကိုလည်းကောင်း၊ ငါးသိုင်းချောင်းမြို့၊ ဇေယျာဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်က ပစ္ဆိမဝန္ဒနာ ဂါထာကိုလည်းကောင်းရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် ငါးသိုင်းချောင်းမြို့၊ ဓမ္မပါလကျောင်း၊ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ဘဒ္ဒန္တဩဘာသ အရှင်သူမြတ်က အပြစ်ရှိက သည်းခံခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်ကန်တော့လွှာကို တပည့်သံဃာ၊ ဒါယကာ ဒါယိကာမများအား ရှေ့မှတိုင်ကြားပေး၍ နောက်ဆုံးကန်တော့တောင်းပန်လျှောက်ထားခဲ့ကာ လောင်တိုက်တော်သို့ လိုက်ပါကြွချီတော်မူပါရန် တောင်းပန် လျှောက်ထားသော အဘိယာစက နိမန္တန ဂါထာကိုငါးသိုင်းချောင်းမြို့၊ စလင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓ က လျှောက်ထားပင့်ဆောင်၍ သာဓု(၃)ကြိမ် ခေါ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် လောင်တိုက်တော်သို့ သာသနာ့အလံကိုင်၊ ဆရာတော်ပုံတော်နှင့် ဘွဲ့တံဆိပ်တော် အဆောင်အယောင်ကိုင်၊ ထီးဖြူကိုင်၊ တပည့် သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဈာပနကျင်းပရေးကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များနှင့် တပည့် ဒါယကာ ဒါယိကာမများက ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ လောင်တိုက်တော်တွင် သံဃာတော်များ၊ ပရိသတ်များက နေရာယူကြပြီးနောက် ဆရာတော် သံဃာတော်များအမှူးပြုသော ပရိသတ်အားလုံးက“ အနိစ္စာ ဝတ သင်္ခါရာ” အစရှိသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများကာ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန မီးပူဇော်ခဲ့ကြကြောင်းသိရသည်။