နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ်    ဩဂုတ်    ၁၆

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ဆရာတော်သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်သား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က ဖားစည်(၉)ချက်တီး၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “ယနေ့အခမ်းအနားသည် ကရင်တိုင်းရင်းသား အားလုံး၏ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားဖြစ်ပါကြောင်း၊ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတွင် ယခုကဲ့သို့ မိမိတိုင်းရင်းသားများစုစုစည်းစည်း ပြန်လည်တွေ့ဆုံရသည်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးသည် နိုင်ငံအတွင်း နေရာအနှံ့အပြား၌ နေထိုင်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်း များစွာကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ထုံးတမ်းအစဉ်အလာများ မတူညီမှုများရှိသော်လည်း ညီညွတ်မှုရှိရှိ၊ စည်းလုံးမှုရှိရှိဖြင့် နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု သည် ယနေ့ခေတ်အချိန်အခါတွင် ပိုမိုအရေးကြီးလာပါကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းရေးကို ထိပါးနိုင်သည့်စိန်ခေါ်မှုများကို တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဖြတ်ကျော်ကြရမှာဖြစ်ပါကြောင်း၊  ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း ကရင် စာပေနှင့် ယဉ်ကျေးမှုအသင်းအပါအဝင် ကရင်တိုင်းရင်းသားအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲသည် ကရင်တစ်မျိုးသားလုံးပိုင်ဆိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပါကြောင်းနှင့် ဘာသာမရွေး၊ ဒေသမရွေးဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိ ပါကြောင်း၊ ချည်ဖြူဖွဲ့ပွဲသည် ကရင်တစ်မျိုးသားလုံးအား ပြန်လည်စုစည်းပေးသည့် အခမ်းအနားဖြစ်ပြီး ၎င်းယဉ်ကျေးမှုကို နှစ်ပေါင်းနှစ်ထောင်ကျော် ထိန်းသိမ်းနိုင်သည့် လူမျိုးတစ်မျိုးအဖြစ် ဂုဏ်ယူရမှာ ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် တစ်တိုင်းလုံး၌ရှိသည့် ကရင်တစ်မျိုးသားလုံးနှင့် စုစုစည်းစည်း ညီညီညွတ်ညွတ်တွေ့ရှိသည်မှာ ဝမ်းမြောက်ပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်း၊ အေးချမ်းရန်အတွက်လည်း တိုင်းပြည်၌နေထိုင်သည့် တစ်မျိုးသားလုံးအနေဖြင့် တာဝန်ရှိပါကြောင်း” အဖွင့်နှုတ်ခွန်းဆက် အမှာစကားများပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က“ကရင်လူမျိုးများအနေဖြင့် မိမိတို့၏ယဉ်ကျေးမှု ဓလေ့စရိုက်များကို သားစဉ်မြေးဆက် ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်းနှင့် လက်ဆင့်ကမ်း အမွေပေးကြရမည် ဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် မိမိတို့၏ ယဉ်ကျေးမှုရိုးရာ အမွေအနှစ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့၏ စာပေယဉ်ကျေးမှုအမွေအနှစ် များကို မထိန်းသိမ်းပါက တစ်နေ့တွင်လူမျိုးပါပျောက်ကြမည်ဖြစ်ပါကြောင်း၊ နောင်လာနောင်သားများ အနေဖြင့် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ် အားသာချက်များကို ပို၍ကောင်းမွန်စေရန်နှင့် အားနည်းချက်များကိုလည်း ပြုပြင်ရှောင်ရှားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့လူမျိုး စည်းလုံးညီညွတ်ရေး မှသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးသည် ပို၍အဓိကကျပါကြောင်း၊ ကရင်အမျိုးသား များအနေဖြင့် မိမိတို့လူမျိုးများ၏ ချစ်စရာကောင်းသည့် ရိုးသား၊ ကြိုးစားနေထိုင်တတ်ကြသည့် ဂုဏ်ပုဒ်များအပြင် အေးချမ်းပျော်ရွှင် ဧည့်ဝတ်ပျူငှာကျေပွန်တတ်သည့် ဂုဏ်ပုဒ်များကို ဆက်လက် ထိန်းသိမ်းနိုင်ကြပါစေကြောင်းနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေး ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက် ကြရန်”နှုတ်ခွန်းဆက်စကားများပြောကြားသည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ ကရင်တိုင်းရင်းသား ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို နှစ်စဉ်အစဉ်လာမပျက် ကျင်းပလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုရှိသော တိုင်းဒေသကြီးဖြစ်ပြီး ထိုကဲ့သို့တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရလာဒ်ကြောင့်ဖြစ်ပါကြောင်း၊ မြစ်ရေကြီးမှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကမ်းနံဘေးရှိတာတမံများ ထိခိုက်ပျက်စီးမှုနှင့် ရေကြီးနစ်မြုပ်မှုများကို ပြည်သူများ၏စုပေါင်း အားဖြင့် အချိန်မီထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လယ်မြေများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှု အပေါ် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့များ၏ ပံ့ပိုးမှုများဖြင့် အစားထိုးဖြည့်တင်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် လူမျိုး ပေါင်းစုံနေထိုင်ကြသည့် တိုင်းဒေသကြီးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုများကို ဆက်လက်ထိန်းသိမ်း ကြရမည် ဖြစ်ပါကြောင်း”နှုတ်ခွန်းဆက်စကားများပြောကြားကာ  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးသည်အရေးကြီး ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအားလုံး ကြိုးစားဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်သည်တော်များ သည် ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် မအူပင်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဦးစီးပဓာန နာယကဆရာတော် ဥူးနန္ဒမာလာက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ) အကြောင်း Dr.နန့်သီတာကျော်ကဖတ်ကြားခဲ့သည်။ ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများသယ်ဆောင်ခြင်း၊ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွား များအား စနစ်တကျခေါ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများက ကရင်ရိုးရာချည်ဖြူဖွဲ့ ပေးခဲ့ကြပြီး ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မအူပင်မြို့၊ မှန်ပင်ပရိယတ္တိစာသက်တိုက်၌ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ တက္ကသိုလ်အသီးသီးမှ ကရင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ တိုင်းပြည် တစ်ပြည်၊ လူမျိုးတစ်မျိုးတွင် မူဝါဒသည်အရေးကြီးပါကြောင်းနှင့် ချမှတ်ထားသည့်မူဝါဒများကို မလိုက်နာပါက ပျက်စီးခြင်းကိုသာဖြစ်စေမည်ဖြစ်ပါကြောင်း၊ လူမျိုးတိုင်းသည် တိုင်းချစ်ပြည်ချစ်စိတ် ရှိရန်အရေးကြီးပါကြောင်း၊ ယနေ့နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စဉ်များသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအားလုံးသည် မိမိတို့၏ စာပေယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပြီး မိမိတို့၏ စာပေယဉ်ကျေးမှုအမွေအနှစ်များကို မထိန်းသိမ်းပါက တစ်နေ့တွင်လူမျိုးပါပျောက်ကြမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အေးအတူပူအမျှ လက်တွဲနေထိုင်ရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့က အားပေး စကားများဆက်လက်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

 

16-Aug-2024