ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့၌ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားအားတက်ရောက်
ပုသိမ် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ငပုတောမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်များတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကိုကျင်းပခြင်းသည် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေ လေ့လာ ဖတ်ရှုနိုင်ရန်၊ စာကြည့်တိုက်များသို့သွားရောက်၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သည့်ဓလေ့ကိုဖြစ်ထွန်းပေါ်ပေါက်စေရန် ရည်ရွယ်၍ တစ်စိုက်မတ်မတ် ပြုလုပ်ခြင်းဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၃)တိုက်ရှိပါကြောင်းနှင့် ယခုထက်ရှင်သန်ခိုင်မာအောင် ဆက်လက်ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးရွာစာကြည့်တိုက်များ ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက် နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် စာကြည့်တိုက်များတည်ဆောက်သွားမည်ဖြစ်သကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူများစာပေ လေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် အနာဂတ်လူငယ်၊ လူရွယ်များ အနေဖြင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိအောင် ငယ်စဉ်ကပင် လုပ်ဆောင်ခြင်းဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် လူရွယ်များဖြစ်အောင် လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ငပုတောမြို့အတွင်းရှိ ကျေးရွာစာကြည့်တိုက် (၃)တိုက်အတွက် ထောက်ပံ့ငွေနှင့် စာအုပ်စာစောင်များ ကိုလည်းကောင်း၊ ဖျော်ဖြေရေးအကအဖွဲ့များအတွက် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုံပြောပြိုင်ပွဲ၊ စာအုပ်စာစောင်များပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မီးသတ်ဦးစီးဌာနပြခန်း၊ စာအုပ်စာပေ အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားဖြင့် စာအုပ်စာပေများ လေ့လာ ဖတ်ရှုနေမှုများ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲ၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စား ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် အခြေခံပညာအထက်တန်းကျောင်း သုတဘဏ် စာကြည့်တိုက်သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှု နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး သုတ၊ ရသစာအုပ်စာပေများ ယခုထက်ပိုမိုပြည့်စုံစွာ ထားရှိပေးရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။