ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသောသီးနှံများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် ဩဂုတ် ၁၂
၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ထိခိုက်ပျက်စီးသွားသောသီးနှံများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေကြီး ခြင်းများကြောင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ဧကများ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်မှုများနှင့်ပျက်စီးမှုများရှိခဲ့ပါကြောင်း၊ နစ်မြုပ်ဧကများကို ပြန်လည်ကုစားစိုက်ပျိုးနိုင်ရန်အတွက် စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်ရမည့်အစီအမံများ ကိုတပြိုင်တည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လိုအပ်မည့် မျိုးစပါး၊ မြေဩဇာနှင့်ပြန်လည် ထွန်ယက်စိုက်ပျိုးနိုင်ရန် ထွန်စက်၊ ကောက်စိုက်စက်၊ အစေ့ချကိရိယာများ အပါဝင်စုစည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်အမီပြန်လည်ကုစားစိုက်ပျိုးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများ ပြည့်မီရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ စိုက်ဧကများ ရေကြီးနစ်မြုပ်မှုကြောင့် ပိုးမွှားကျရောက်မှုအန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်ပါကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် ရေကြီးနစ်မြုပ်စိုက်ဧကများ ပြန်လည်ကုစား အစားထိုးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ဆောင်ရွက် ရမည့် နည်းလမ်းများကိုလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေ လိုကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက် မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးသောသီးနှံများ၏ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုနှင့် ပြန်လည်စိုက်ပျိုးနိုင်မှု အခြေအနေများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ရေကြီးနစ်မြုပ်စိုက်ဧက များတွင် ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးနိုင်ရေးနှင့် မျိုးစေ့များ စုဆောင်းထားရှိမှုအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး အတွင်းရှိ မြစ်ရေမှတ်များ၊ ရေလှောင်တမံရေမှတ်များ၊ ၂၀၁၅ခုနှစ်နှင့် ယခုနှစ် မြစ်ရေကြီးမှုအခြေအနေများ၊ တိုင်းဒေသကြီးအတွင်း အမြင့်ဆုံးတက်ရောက်ခဲ့သည့် မြစ်ရေမှတ်များအခြေအနေ၊ ၂၀၂၄ခုနှစ်၊ မိုးရာသီမြစ်ရေကြီးစဉ် တာတမံကြံ့ခိုင်ရေးဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ရေမှတ်များ၏ လက်ရှိအခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော သီးနှံများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။