ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇရုပ်ကလာပ်တော်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်များ ဖူးမြော်ကြည်ညို
ပုသိမ် ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ဘဝနတ်နန်း စံမြန်းတော်မူပြီးသော ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇ ရုပ်ကလာပ်တော်အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် များက ကြွရောက် ဖူးမြော်ကြည်ညိုခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများသည် ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဘဒ္ဒန္တသံဝရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ဆင်ယဉ် ကျင်းပနိုင်ရေးအတွက်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကာ ရွှေရေးဆောင် ကျောင်းတိုက်အတွင်းရှိ စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များအား ကြိုဆိုပင့်ဆောင်ခဲ့ကြပြီးနောက် ဆရာတော်ကြီးများမှ ရွှေရေးဆောင်ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ရွှေရေးဆောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် ဆင်ယဉ်ကျင်းပ နိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများဦးဆောင်ကာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တွဲဖက်အကျိုးတော်ဆောင်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့၏ ကိုယ်စား တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အလှူငွေများကို ပေးအပ်လှူဒါန်းရာ သယံဇာတရေးရာဝန်ကြီးကလက်ခံရယူခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ ဘဒ္ဒန္တသီဟနာဒ(အဂ္ဂမဟာပဏ္ဍိတ) (ချမ်းမြသာစည် ဆရာတော်) ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒကထာများနာကြားခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။