ပန်းတနော်မြို့နယ်၊ ကျုံပတောကွန်ကရစ် ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ နယ်၊ ချောင်းကလေးကျေးရွာအုပ်စု၊ ကျုံပတောကျေးရွာနှင့် အိုးဘိုကျေးရွာ ဆက်သွယ်ထားသည့် အလျား (၁၈၀)ပေ၊ အနံ(၂၀)ပေရှိ ကွန်ကရစ်တံတားအား ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပန်းတနော်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ယူရွက်လျက်ရှိရာ အဆိုပါတံတားသစ်အနီးရှိ အလျား (၁၈၀)ပေ၊ အနံ(၁၄)ပေရှိ ကွန်ကရစ်တိုင်၊ သံယက်မ၊ သစ်သားခင်းတံတားအမျိုးအစား ချောင်းကူးတံတားဟောင်းသည် မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယခုလ(၂)ရက်နေ့တွင် ပြိုကျပျက်စီးခဲ့ရပြီး ကျေးရွာနေပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် တံတားသစ် ဆောက်လုပ်ရန်ကျန်သည့် ပေ(၆၀)ခန့်အား ယာယီဘေလီသံဘောင်တံတား တည်ဆောက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းiသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၈)ရက်နေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရေလမ်းကြောင်းကောင်းမွန်စေရေးဆောင်ရွက်နေမှု အခြေအနေများ၊ ဗေဒါများဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေလမ်းကြောင်းကောင်းမွန်စွာစီးဆင်းစေရေး၊ တံတားသစ်အား ထိခိုက်မှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်စေရေး၊ သွားလာမှုအဆင်ပြေစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းနှင့် ယာယီဘေလီသံဘောင်တံတားပေါ်မှ ကျေးရွာနေ ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။