ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုများကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ်လ ၁ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာသို့သွားရောက်၍ ရတနာသိပ္ပံကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကာ စံကင်းကျွန်းအတွင်း ကွင်းရေမြင့်တတ်မှုကြောင့် ရေနစ်မြုပ်မှုအခြေအနေများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေးမှုအခြေအနေများတင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများသဖြင့် ညောင်တုန်းမြို့နယ်အထက်ပိုင်းမှ စီးဆင်းလာသောကွင်းရေများကြောင့် ညောင်တုန်းမြို့နယ်၊ စံကင်းကျွန်းအတွင်းရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စံကင်းကျွန်းရှိ၊ ကုက္ကိုဝေကျးရွာအုပ်စု၊ ကုက္ကိုဝကျေးရွာတွင်ရေကြီးရေလျှံမှုအခြေအနေအား ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ စံကင်းကျွန်းအတွင်းကွင်းရေမြင့်တက်၍ ဘောလယ်မြစ်အတွင်းစီးဆင်းမှုအခြေအနေများ၊ တာတမံများအပေါ် ကွင်းရေဖြတ်ကျော်စီးဆင်းမှုအခြေအနေများ၊ ရေတံခါးများမှ ရေသွင်းရေထုတ်ပြုလုပ်နိုင်မှုအခြေအနေများ၊ ငါးကန်၊ ပုစွန်ကန်များရေနစ်မြုပ်မှုအခြေအနေများရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွင်းရေများစီးဆင်းရာတွင် ကျေးရွာများ၊ လူနေအိမ်များထိခိုက်မှုမရှိစေရေး၊ ရေနစ်မြုပ်သည့်ငါးကန်၊ ပုစွန်ကန်စာရင်းများတိတိကျကျကောက်ယူနိုင်ရေး၊ ကွင်းရေပြန်လည်ကျဆင်းသွားပါက လုပ်ငန်းများအမြန်ဆုံးပြန်လည်လုပ်ကိုင်စေနိုင်ရေးသက်ဆိုင်ရာဌာနများကူညီဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများအတွက် ဆန်၊ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ရေသန့်ဆေးပြားများစသည့် စားသောက်ဖွယ်များထောက်ပံ့ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောလယ်မြစ်တလျှောက် အောက်ဆယ်ကျေးရွာသို့ သွားရောက်၍ ဇက်ရေယာဉ်ပေါ်မှ ကွင်းရေစီးဆင်းမှုများနှင့် ငါးကန်၊ ပုစွန်ကန်များရေနစ်မြုပ်မှုနှင့် ရေကျော်စီးဆင်းနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

01-Aug-2024