ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ မိုးစပါးစီမံကိန်းဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ပုသိမ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စီမံကိန်းဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၂-၂၀၂၃ခုနှစ်မှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအားသွင်းအားစုများ ပေးအပ်ခဲ့ရာယခု ၂၀၂၄-၂၀၂၅ မိုးစပါးရာသီတွင်စတုတ္ထအကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ တောင်သူများလက်ဝယ်သို့သွင်းအားစုများ အချိန်မီရောက်ရှိနိုင်စေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် နှစ်သိန်းနှင့်ညီမျှသည့် သွင်းအားစုများထည့်သွင်းစိုက်ပျိုးရာတွင်အထွက်နှုန်းများ တိုးတက်မြင့်မားရေးပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ၊ သွင်းအားစုအစုအဖွဲ့များအနေဖြင့်အကျိုးရှိစေပါကြောင်း၊ ယခုရက်ပိုင်းများတွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တိုင်းဒေသကြီးအတွင်း မြစ်ရေများမြင့်တက်ခြင်းကြောင့် စိုက်ခင်းများရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးမှုများရှိမည်ဖြစ်ရာ ပျက်စီးခဲ့သည့်စိုက်ဧကများအတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးများကိုလည်း ကြိုတင်စုဆောင်းရန်လိုပါကြောင်း၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းကူညီပေးရန်လိုပါကြောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းေဆာင်ရွက်ပေးကြရန်” အမှာစကားများပြောကြားသည်။ထို့နောက် ၂၀၂၄-၂၀၂၅ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသည့်ဝယ်ယူကြိတ်ခွဲသူများ၊ နိုင်ငံ့စီးပွားတိုင်းကော်မတီဝင်များ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။