အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကျင်းပ
ပုသိမ် ဇူလိုင် ၃၀
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲကိုလည်း ယနေ့နံနက်ပိုင်းက ကိုသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင် မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘက်ပေါင်းစုံမှ အရည်အသွေးပြည့်၀လာစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိရာ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်နှင့်အညီနိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး အလေးထား ဆောင်ရွက်ရန်” တိုက်တွန်းအမှာစကားပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုတေးသီချင်း “ လူငယ်စွမ်းရည်” တေးသီချင်းအား (Projecor) ဖြင့်ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်က အားကစားပစ္စည်းများအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က အားကစားပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူလူငယ်များထံ မဲနှိုက်ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။