ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ် အောက်အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက်အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ခရိုင်အသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ညီညွတ်မှုရှိစေရေး၊ ဖူဆယ်အားကစားနည်းပြန့်ပွားလာစေရေး၊ လူငယ်လူရွယ်များ ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်ဆုတံဆိပ်များ ရရှိစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး(၈)ခရိုင် ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးရခြင်းသည် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခု ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲမှတစ်ဆင့် မျိုးဆက်သစ်လူငယ်ဘောလုံးသမားတွေကို တိုင်းလက်ရွေးစင်အဖြစ် ရွေးချယ်လေ့ကျင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများသည် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့်  သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်းနှင့်  ဒိုင်လူကြီး များကလည်း ဘက်လိုက်မှု ကင်းရှင်းပြီးသတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်း များနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ အားကစား သမားလူငယ်အပေါင်းတို့သည် ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်ပြီးတိုင်းဒေသကြီးက အားထားရသည့်  တိုင်းဒေသကြီး ဂုဏ်ဆောင်ဖူဆယ်ဘောလုံး အားကစားသမားကောင်းများ ဖြစ်လာအောင်ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး ၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍  စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်အသင်းများအား နှုတ်ဆက်အားပေးကာ  ဖူဆယ်ဘောလုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် အဖွင့်ပွဲစဉ်အဖြစ် ဟင်္သာတခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို (၂၉.၇.၂၀၂၄)မှ (၃၁.၇.၂၀၂၄) ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

29-Jul-2024