ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်အတွင်းရှိတာတမံများအား ကြည့်ရှုစစ်ဆေး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ocean စင်တာရှေ့သို့ ငဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာ မအူပင်ကျွန်းတာမြောက်ပိုင်း တာမိုင် ၄၃/၀ နှင့် ၄၄/၀ ကြား ညောင်ပင်ဝိုင်း ရေတံခါးဘေးထူးပေါက်၍ မြေကျွံကျမှုဖြစ်ပွားခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ (၂၈)ရက်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာ အုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာ မအူပင်ကျွန်းတာမြောက်ပိုင်း တာမိုင် ၄၃/၀ နှင့် ၄၄/၀ ကြားရှိ ညောင်ပင်ဝိုင်းရေတံခါးဘေး ထူးပေါက်၍ မြေကျွံကျမှုအပေါ် ဆည်မြောင်နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ေရးမှူးနှင့် ဒေသခံပြည်သူများမှ သဲအိတ်ချခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေ၊ ခေါက်ဆွဲခြောက်၊ အချိုရည်နှင့် ရေသန့်တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ယခုလ(၂၅)ရက်နေ့ ညပိုင်းက မအူပင်မြို့နယ်၊ မအူပင်ကျွန်းတာမြောက်ပိုင်းတာမိုင် ၂၄၃/၀ နှင့် ၄၄/၀ ကြားရှိ ညောင်ပင်ဝိုင်းရေတံခါး(၄'×၄' - ၂ပေါက်) ၏ ဘေးဖက်မှ ထူးပေါက်ပေါက်ပြီး ထူးပေါက်အတွင်း ရေဝင်ရောက်၍ အချင်း(၄)ပေခန့် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့မှုကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာလူထု ပူးပေါင်း၍ အချိန်မီ ကာကွယ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ရေဝင်ရောက်မှုရပ်တန့်ခဲ့ပြီး လိုအပ်သော ကာကွယ် မှုများကို ဆက်လက်ဆောင်ရွက်ခဲ့သောကြောင့် Structure အခြေအနေ ကောင်းမွန်ပြီး စိုက်ပျိုးပြီးလယ်များ ရေနစ်မြုပ်ပျက်စီးမှုဘေးမှကာကွယ်နိုင်ခဲ့ကာ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိတော့ပါကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ocean စင်တာရှေ့သို့ ငဝန်မြစ်ရေဝင်ရောက်မှု အခြေအနေများနှင့် အများပြည်သူသွားလာနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများသွားလာရာတွင် စနစ်တကျရှိစေရေး၊ အဆင်ပြေစေရေး၊ အန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ရေဝင်ရောက်သည့်နေရာများတွင် အမှတ်အသား၊ အကာအရံများ ထားရှိဆောင်ရွက်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်အညီ သွားလာဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်းသိရသည်။