ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်အတွင်းရှိ တာတမံများနှင့် မြစ်ရေဝင်ရောက်မှုအခြေအနေများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်အတွင်းရှိ တာတမံများနှင့် ရေမြစ်ရေဝင်ရောက်မှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရန်ကုန်ကားလမ်းဘေး ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်ရှိ မြဘုံသာကျောင်းတိုက်၊ ဓမ္မလင်္ကာရကျောင်းဆောင်သို့ ရေဘေးကြောင့်ယခုလ(၂၀)ရက်နေ့မှ စတင်ကာပြောင်းရွှေ့နေထိုင်သည့် ယာယီရေဘေးရှောင် ပြည်သူများကို တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗိုလ်မြတ်ထွန်းတံတားအောက်ခြေရှိ ဓနုဖြူမြို့နယ်၊ ဧရာဝတီဟင်္သာတဘက်ကမ်းတာနှင့် ဧရာဝတီအရှေ့ဘက်ကမ်းတာ တာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု၊ အစီရင်ခံမှုနှင့် တုံ့ပြန်မှုပုံစံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဧရာဝတီဟင်္သာတဘက်ကမ်းတာနှင့် ဧရာဝတီအရှေ့ဘက်ကမ်းတာတို့၏ အလျားမိုင်၊ ကာကွယ်ဧက၊ ပျှမ်းမျှတာအမြင့်များ၊ ရေဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေကင်းများအဆက်မပြက်စောင့်ကြည့်စစ်ဆေးရန်၊ အချိန်နှင့်တစ်ပြေးညီသတင်းပို့ရန်နှင့် အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ အဆိုပါတာ၏ လက်ရှိတာထိပ်အမြင့်ပေမှာ ၂၇.၄၂ပေဖြစ်ပြီး ၂၀၁၆ခုနှစ် အမြင့်ဆုံးတက်ခဲ့သည့် ရေအမှတ်မှာ ၂၄.၇ပေဖြစ်ကြောင်းသိရပြီး လက်ရှိရေအမှတ်မှာ (၂၃.၅)ပေသို့ရောက်ရှိနေကြောင်းသိရသည်။ ထို့နောက် ဗိုလ်မြတ်ထွန်းတံတား ရွှေတောင်တန်းရိပ်သာတွင် ညောင်တုန်းမြို့နယ်အတွင်း စိုက်ပျိုးဧကများအတွင်းမြစ်ရေဝင်ရောက်မှု၊ ပြန်လည်ကျဆင်းမှု၊ ထိုခိုက်မှုအခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ရေပြန်လည်ကျဆင်းပါက သီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေး၊ မျိုးစပါးများကြိုတင်စုဆောင်းထားရှိစေရေးနှင့် အချိန်မီရာသီမီစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး လင်လွန်းပင်တံတားအနီး ထိပ်ဝကြီးကျေးရွာအုပ်စုရှိစိုက်ဧကများအတွင်းမြစ်ရေဝင်ရောက်မှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

28-Jul-2024