ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ် အဝေးသင်သင်တန်း ၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်များနှင့်တွေ့ဆုံ

၂၀၂၄ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် (အဝေးသင် သင်တန်း) ပထမနှစ်(၂၀၂၃အောင်) ပထမအသုတ်(သိပ္ပံ) မောင်မယ်သစ်လွင်များနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မောင်တို့မယ်တို့သည် အခြေခံပညာကို ပြီးမြောက်အောင်မြင်၍ တက္ကသိုလ်ကြီး၌ အဆင့်မြင့်ပညာရပ်များကို လေ့လာဆည်းပူးရမည့်သူများဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်၏ ပညာရေးကဏ္ဍများတိုးတက်မြင့်မားစေရန်နှင့် အဆောက်အဦဥပဓိရုပ်များကောင်းမွန်စေရန် ပံ့ပိုးဆောာင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရာ နေရာလည်းဖြစ်ပါကြောင်းနှင့် အဆင့်မြင့်ပညာရပ်များကို စနစ်တကျပို့ချပေးသည့် ကျောင်းတော်ကြီးလည်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊ အားကစား၊ အနုပညာစသည့်  ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန် ဆောင်ရွက်ပေးထားပါကြောင်းနှင့်  မောင်တို့မယ်တို့အနေဖြင့် လုပ်ငန်းခွင်မပျက်ဘဲ ပညာရေးခရီးကိုရှေ့ဆက် ပြီးမြောက်အောင်မြင်အောင် ကြိုးစားသင်ယူရင်းဖြင့် မိမိတက္ကသိုလ်၊ တိုင်းဒေသကြီး၊ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ထူးခွန်အားကစားသမားများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က ပညာရေးဝန်ကြီးဌာန၏ ပညာရေးကဏ္ဍအတွက် ဆောင်ရွက်ထားရှိမှုများနှင့် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ဘာသာရပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့ရာ အဝေးသင်(သိပ္ပံ)ဘာသာတွဲများ၏ ဌာနမှူးများဖြစ်သော ဓာတုဗေဒ၊ ရူပဗေဒ၊သင်္ချာ၊ သတ္တဗေဒ၊ရုက္ခဗေဒ ပါမောက္ခများမှ ဘာသာရပ်အကြောင်း သိမှတ်ဖွယ်ရာ၊လေ့လာဖတ်ရှု့သင့်စရာများကို တစ်ဦးချင်းပြောကြားကြပါသည်။ ၂၀၂၄ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၃-အောင်) အဝေးသင် သင်တန်း၌ ဓာတုဗေဒဘာသာရပ်တွင်(၆၂)ဦး၊ ရူပဗေဒဘာသာရပ်တွင် (၂၀၀)ဦး၊ သင်္ချာဘာသာရပ်တွင်(၉၈)ဦး၊ သတ္တ‌ဗေဒဘာသာရပ်တွင် (၄၁)ဦးနှင့် ရုက္ခဗေဒဘာသာရပ်တွင် (၄၁)ဦး စုစုပေါင်း ပထမနှစ်(သိပ္ပံ)ကျောင်းသား၊ ကျောင်းသူ (၄၄၂)ဦး တက်ရောက်ပညာဆည်းပူးလျက်ရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများသည် ပုသိမ်မြို့၊ ကုသိနာရုံဗျာဒိတ်ပေးမြတ်စွာဘုရား ပရဝုဏ်အတွင်း၌ စုပေါင်းအလှူရှင်များ၏ လှူဒါန်းမှုဖြင့် လူဦးရေတစ်သောင်းအား စတုဒီသာအလှူကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ စတုဒီသာကျွေးမွေးလှူဒါန်းရာတွင် လူဦးရေတစ်သောင်းအား ယနေ့နံနက် ၉နာရီမှစတင်ကျွေးမွေးခဲ့ပြီး စတုဒီသာလာရောက်သုံးဆောင်သူ ဧည့်ပရိသတ်များစနစ်တကျတန်းစီ ဝင်ရောက်သုံးဆောင်နိုင်ရေး၊ အစားအစာများသန့်ရှင်းမှုရှိစေရေးတို့အတွက် လုံခြုံရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောက်ရွက်ပေးခဲ့သကဲ့သို့ ကျန်းမာရေးအဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

28-Jul-2024