ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်၊ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲကြည့်ရှုအားပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင် ၂၄ ရက်နေ့က လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူဒေါ်ခင်စိန်၏ လယ်မြေတွင် ပြုလုပ်သည့် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးပွဲတက်ရောက်၍ မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ လပွတ္တာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းသည့်မျိုးစပါးများကို တောင်သူများရွေးချယ်စိုက်ပျိုးနိုင်ရန် ရေဆင်းသုတေသနမှထုတ်လုပ်သော YSR- 1၊ YIR-14၊ YRR-12၊ YKQR-01၊ YQR-11နှင့်ဆင်းသုခစပါးမျိုးများ ပျိုးထောင်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကောက်စိုက်စက်၊ လက်ဆွဲကောက်စက်များဖြင့် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လုပ်အားများလျှော့ချနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်၍ တွယ်ကျယ်စွာ အသုံးပြုကြရန်၊ ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးစပါးများ ရွေးချယ်စိုက်ပျိုးကြရန်မှာကြားခဲ့သည်။