ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ နန္ဒဆောင်နှင့်တေဇဆောင်တို့တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ ဈေးချောင်း ချောင်းအတွင်းရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နေမှုများအားလည်း‌ကောင်း၊ ဘူတာရုံလမ်း၌ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် အပင်များခုတ်ထွင်ရှင်းနေမှုများအားလည်းကောင်း၊ ဘုရားကြီးကုန်းကျေးရွာ မဟာစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း၊ ကင်မလင်းကျွန်းလမ်းမကြီးရှိ ငါးကျီးထူးချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်မှုမရှိစေရေးမှာကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ ခတ္တာ(၂)လမ်းတွင် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၂၄-၂၀၂၅‌ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းလုပ်ငန်းဖြင့်ဆောင်ရွက်သည့် အလျား(၅၀၈)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၆)လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တိုင်​ဘောလုံးအားကစားကွင်းသို့သွားရောက်၍ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့မှ တာဝန်ရှိသူများ၊ အားကစားသမားများအား သွား​ရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

06-Jul-2024