ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်

ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့် Royal Lake ရေပြင်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ 

ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံဘေးနှင့် မြစ်ကမ်းပါးပြိုကျခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းကော်မတီအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် မဖြစ်ပွားမီဆောင်ရွက်ခြင်း၊ ဖြစ်ပွားနေစဉ်ဆောင်ရွက်ခြင်း၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစီမံချက်ကို နှစ်စဉ်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးဆိုသည်မှာ အချိန်ကာလမရွေး၊ နေရာဒေသမရွေး ဖြစ်ပေါ်နိုင်သည့်အတွက် ယခုကဲ့သို့ ပြည်သူများ ပူးပေါင်းပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများကို အချိန်အခါအလျောက် စဉ်ဆက်မပြတ်လေ့ကျင့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲကို အင်အား(၁၁၆)ဦးဖြင့်လည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်စု(၁)စုလျှင် အင်အား(၃၅)ဦးဖြင့် တပ်စု(၂၈)စု၊ အင်အား (၉၈၀)ဦးဖြင့်လည်းကောင်း၊ စုစုပေါင်းအင်အား (၁၀၉၆)ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပြည်သူများပူးပေါင်း ပါဝင်သည့် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးမှုများ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်လှေမီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေးဆောင်ရွက်မှု သရုပ်ပြသခြင်း၊ စက်လှေများရှေ့နောက်တန်း၍ ရေပက်ဖျန်း သရုပ်ပြသခြင်း၊ စက်လှေများ ရင်ဘောင်တန်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အလံ ကိုယ်စားပြုသည့် အရောင်(၃)ရောင်အား ရောင်စုံရေပက်ဖျန်း သရုပ်ပြသခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက  စက်လှေများဖြင့် မြှားဦးသဏ္ဍာန် အလေးပြုတန်းဖြုတ်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်များအားကြည့်ရှု့စစ်ဆေးခဲ့သည်။

05-Jul-2024