ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းအောင်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပသည့် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းအောင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလနှင့် ဩဝါဒကထာနာယူဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ ဩဝါဒကထာ ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် ပုသိမ်မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ) ဥက္ကဋ္ဌ၊ စန္ဒသုခဝတီကျောင်းဆရာတော် ဘဒ္ဒန္တသိရိန္ဒက ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းနည်းပြဆရာတော်များအား လှူဖွယ်ခြင်းနှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် သင်တန်းတက်ရောက်တော်မူကြသော သံဃာတော်များကိုယ်စား သင်တန်းသားသံဃာတော်(၉)တို့ပါးအား တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီး၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သင်တန်းဆင်းလက်မှတ်များ ဆက်ကပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ သင်တန်းအောင်ပွဲ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ၊ ဓနုဖြူမြို့၊ ပြဿဒ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခန္တီဝါဒ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့က ယခုလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ သင်တန်းသား ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၇၀)ပါးအား သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

04-Jul-2024