ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်းဖွင့်ပွဲနှင့် မိုးစပါးစိုက်ပျိုးရာသီကြဲခင်းများလျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုဖွင့်လှစ်သော လက်မှတ်ရ စီးပွားရေးစာရင်းကိုင်ပညာသင်တန်းကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလမှာ (၃)နှစ် ဖြစ်ပြီး အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များအပြင် သမဝါယမစာရင်းရေး စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း ပညာရပ်များအား အခြေခံကျကျ တက်ကျွမ်းနားလည်အောင် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ပထမနှစ် သင်တန်းသား(၁၈)ဦးနှင့် သင်တန်းသူ(၉)ဦး စုစုပေါင်း (၂၇)ဦး၊ ဒုတိယနှစ်တွင် သင်တန်းသား(၉)ဦး၊ သင်တန်းသူ(၂၃)ဦး စုစုပေါင်း (၃၂)ဦး တက်ရောက် သင်ကြားလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရက သင်တန်းသားများအတွက် သင်ထောက်ကူ ပစ္စည်းများ၊ စားသောက်စရိတ်နှင့် ထောက်ပံ့ငွေများအား လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရပ်ဝေးမှသင်တန်းသား၊ သင်တန်းသူများ အတွက်လည်း အဆောင်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာရပ်များကို စွမ်းစွမ်းတမံ ကြိုးစားသင်ယူကြစေလိုကြောင်း" ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ၊ ဖျာနှင့် ခြင်ထောင်များ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးကြည်စိုး၏ လယ်မြေ(၃)ဧကတွင် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ဆင်းသုခစပါးမျိုး မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးပြည်တွင်းအခွန်များ ဦးစီးဌာနမှူး ရုံးသို့ရောက်ရှိ၍ ဘဏ္ဍာနှစ်အလိုက် အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ များအား တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၊ အခွန်ထမ်းများအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာ ပေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတက်ရောက်လျက် ရှိသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ၊ ဓနုဖြူမြို့၊ ပြဿဒ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခန္တီဝါဒ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့မှ (၂.၇.၂၀၂၄)ရက်နေ့မှ (၄.၇.၂၀၂၄)ရက်နေ့အထိ သင်တန်းသား ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၇၀)ပါးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

02-Jul-2024