ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကို (၁.၇.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ ညှိနှိုင်အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းများအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပေးရှင်းလင်းရမည်ဖြစ်ပြီး တာဝန်သိသိလိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရန် စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စည်းကြပ်ကောက်ခံသည့် အခွန်များ၊ လစဉ်ပေးသွင်းရမည့်အခွန်များအား သက်ဆိုင်ရာဌာနများက အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက် ရသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များက လိုက်နာခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်၍ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်ဘဏ္ဍာငွေများပြည့်ဝစွာရရှိရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း" အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး၊ အထောက်အကူပြုအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အခွန်ငွေများအပြည့်အဝကောက်ခံရရှိရေး ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

02-Jul-2024