ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံလေ့ကျင့်ရေးတပ်တွင် ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်၍ စစ်ရေးပြအခမ်းအနားအား ကြည့်ရှုအားပေးခဲ့ကြသည်။ 

ဦးစွာ သင်တန်းဆင်းစစ်ရေးပြအခမ်းအနားအားပြုလုပ်ခဲ့ပြီး နယ်မြေခံလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း သင်တန်းသားများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ နယ်မြေခံလေ့ကျင့်ရေးကျောင်း ဘုရင့်နောင်ခန်းမတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်း သင်တန်းသားများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းဆောင်ရန်ဆန္ဒပြုပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်သူများဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ပြီး ယနေ့တွင် အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူရမည့် နေ့ဖြစ်ပါကြောင်း၊  နိုင်ငံသားတိုင်းသည် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသည့် သားကောင်းရတနာများသည် စစ်ပညာများကို အခြေခံမှစ၍ တတ်မြောက်အောင် သင်ကြားဆည်းပူးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊  ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည့် နိုင်ငံသားတစ်ယောက်အနေဖြင့် စစ်ပညာ သင်ကြားပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်၍ မိမိအနေဖြင့် များစွာဂုဏ်ယူပါကြောင်း၊ တပ်မတော်သားတစ်ယောက်အနေဖြင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို အလေးထားလိုက်နာရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသများတွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းအားပေး စကားများ ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နယ်မြေခံလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးအား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ကာ သင်တန်းသားများနှင့် နံနက်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

28-Jun-2024