ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄)သို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄)သို့ တက်ရောက်ခဲ့ပြီး “ နိုင်ငံတော်အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှု ပြဿနာများကို လျင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီမှ လုပ်ငန်းတာဝန်(၉)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် တိုင်းအဆင့်(၁) ဖွဲ့၊ ခရိုင်အဆင့် (၈) ဖွဲ့၊ မြို့နယ်အဆင့် (၂၆)ဖွဲ့နှင့် ရပ်/ကျေးအဆင့် (၂၂၂၂)ဖွဲ့တို့အား ဖွဲ့စည်းထားရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှု ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ စစ်ဆေးဆောင်ရွက်ရန်  ပေးပို့လာသည့်အမှုတွဲများအပေါ် ယနေ့တွင်အမှုတွဲ (၉)တွဲအား ဖြေရှင်းဆောင်ရွက်ရန် အစည်းအဝေးကျင်းပပြုလုပ်ပြီး ရရှိလာသည့် ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များနှင့်အတူ ဗဟိုမြေစစ်ကော်မတီသို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး မြေစစ်ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေးအကြံပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့သောအမှုတွဲ(၉)တွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က  လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

27-Jun-2024