ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သာပေါင်းမြို့နယ်၌ ပြုလုပ်သည့် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စုရှိ တောင်သူဦးသာဒင်အေး၏ ရာဘာစိုက်ခင်းအတွင်းရှိ စိုက်ဧက(၅)ဧကတွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီပျိုးပင်များပေးအပ်၍ တာဝန်ရှိသူများနှင့် ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)ပင်များစိုက်ပျိုးပေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)ပင် များ ပေးအပ်ခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ဧက (၁၁၅၀၀)ဧကအား နှစ်အလိုက်လျာထားစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုး နိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်း နိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကိုမှာကြားခဲ့ပြီး ရိုဘက်စတာ(မြေနိမ့်ကော်ဖီ) ပျိုးပင်များကို တာဝန်ရှိသူများနှင့် အတူ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ အောင်တပ် ကျေးရွာအုပ်စု၊ ဖဲကုန်းကျေးရွာရှိ နဝရတ်စာကြည့်တိုက်သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာပေလာရောက်ဖတ်ရှုနေမှုများကိုကြည့်ရှုအားပေးပြီး စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူ များအားမှာကြားခဲ့ကာ စာကြည့်တိုက်အတွက် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

27-Jun-2024