ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (နတ်မော်)ကျောင်းဆောင်သစ်ဖွင့်ပွဲအား တက်ရောက်၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်စံပြကျေးရွာ အမျိုးသားပညာဝန်ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်သို့ အသိပညာပေးစာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (နတ်မော်) ကျောင်းဆောင်သစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများနှင့်  အဆောင်နေကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက်အခမ်းအနားဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဟင်္သာတမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလည်း ဖြစ်ထွန်း အောင်မြင်ပြီး ကုန်စည်ရောင်းဝယ်ဖောက်ကားမှု ဖွံ့ဖြိုးသည့်ခရိုင်မြို့တစ်မြို့ဖြစ်ပါကြောင်း၊ အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(နတ်မော်) ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များလည်း များစွာပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ နတ်မော်အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် စက်မှုနည်းပညာကျောင်းသား၊ ကျောင်းသူ (၈၂)ဦး၊ စိုက်ပျိုးရေးအတတ်ပညာကျောင်းသား၊ ကျောင်းသူ (၃၀)ဦးနှင့် မွေးမြူရေးအတတ်ပညာကျောင်းသား၊ ကျောင်းသူ (၃၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄၂)ဦး သင်ကြား လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေပြည့်မီအောင် စည်းရုံးသင်ကြားနိုင်သည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊   နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေး အားလုံးရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9  ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  နိုင်ငံ့တာဝန်များအား ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ် လူငယ်များဖြစ်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။  

ဆက်လက်၍အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (နတ်မော်) ကျောင်းအုပ်ကြီးက ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အလံများအား ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလက်ခံရယူပြီးနောက် ကျောင်းဆောင်သစ် ဆောက်လုပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအားလည်းကောင်း၊ ကျောင်းအတွက်အလှူငွေများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်စံပြကျေးရွာ အမျိုးသားပညာဝန်ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်သို့ သွားရောက်၍  စာပေလာရောက်ဖတ်ရှုနေသည့် ကျောင်းသား၊ ကျောင်းသူလေးများကို အားပေး စကားများပြောကြားပြီး ၎င်းစာကြည့်တိုက်ရှိ သုတစွယ်စုံခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပညာပေးစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ရှင်သန် ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၃)တိုက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်များ အသိပညာပိုမိုမြင့်မားလာစေရေး၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကာရေးကို လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ ကျောင်းစာကြည့်တိုက် များလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများစာပေလာရောက် ဖတ်ရှုအောင် စည်းရုံးဆောင်ရွက်ရာတွင် စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်စာဆောင်များ ပြည့်စုံလုံလောက်နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရးအတွက်  မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားပြီး စာကြည့်တိုက်မှ တာဝန်ရှိသူများ ထံသို့ သုတ၊ ရသ စာအုပ်စာစောင်များနှင့် အလှူငွေများပေးအပ်ခဲ့သည်။

26-Jun-2024