ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ် (၂၃) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၂၃) သူနာပြုနှင့်သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်မည့် သင်တန်းသား (၆)ဦး၊ သင်တန်းသူ(၈၄)ဦး စုစုပေါင်း (၉၀)ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းနိုင်ခဲ့သဖြင့် မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃) ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် လူ့စွမ်းအားအမြစ် များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိတို့၏အသက်ကို ပဓာနမထားဘဲ ကျန်းမာရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သည်ကို အသိအမှတ် ပြုဂုဏ်ပြုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျောင်းတော်ကြီးမှ သင်ကြားပေးသည့် ကျန်းမာရေးပညာရပ်များဖြင့်ပြည်သူထုအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ပါစေကြောင်းနှင့် သင်တန်းပြီးဆုံးသည့်အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ထို့နောက် ဖလောရင့်နိုက်တင်ဂေးဆုရှင် ဝဏ္ဏကျော်ထင် စနိုင်နိုင်ထွန်း၊ ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့်  တာဝန်ရှိသူများက ဂျူကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ပြီးနောက် သင်တန်းသား၊ သင်တန်း သူများက သူနာပြုသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

26-Jun-2024