ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်) (၃)ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) RCC(၁၇၄ ပေ၊ ၃၂ ပေ) ၊ (၃)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက်  တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍  အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်တွင် အခြေခံပညာနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (၈) ကျောင်းကိုဖွင့်လှစ်ထားရှိပါကြောင်း၊  ကြံခင်းမြို့နယ်သည် ပညာရေးနှင့်ပတ်သက်ပါက အောင်ချက်မြင့်မားသော မြို့နယ်တစ်ခုဖြစ်ပါကြောင်းနှင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများလည်းပေါ်ထွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9  ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးအတွက် အခမဲ့ပညာ​ရေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်ရွယ်များဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် အ​ခြေခံပညာ​ကျောင်းများသည် အဓိကကျပါကြာင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် စုစုပေါင်း ကျောင်းပေါင်း(၇၂၉၀)ရှိပြီး ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်း သုံးသောင်းရှစ်ထောင်ကျော် အပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသည်လည်း တိုင်းဒေသကြီးမှ အားထားရသည့် စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ဖြစ်ပါစေကြောင်း” အမှာစကားပြောပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်နှင့်ပတ်သက်သည့် မှတ်တမ်းများအားလည်းကောင်း၊ ကျောင်းအတွက်အလှူငွေများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

25-Jun-2024