ဧရာဝတီတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးပြုလုပ်
ဧရာဝတီတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဆန်၊ စပါးလက်ကျန်၊ တိုင်းဒေသကြီးအတွင်းမှ တိုင်းပြင်ပသို့ နေ့စဉ် စီးထွက်သွားသည့်အရေအတွက်၊ အခြေခံလူတန်းစားများစားသုံးနိုင်သည့် ဆန်ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်မှုများ၊ တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကိုပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးကို တွန်းအားပေးဆောင်ရွက်နေပြီး ဆန်၊ စပါးဈေးနှုန်း တည်ငြိမ်မှုရှိစေရေးနှင့် အရန်ဆန်များစုဆောင်းထားရှိရန်၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ စားသုံးသူ ပြည်သူများအတွက် သင့်တင့်မျှတသော စပါး၊ ဆန်ဈေးနှုန်းဖြစ်စေရေးကို စဉ်းစားဆောင်ရွက်ရန်၊ MyRo System ဖြင့် စာရင်းသွင်းခြင်းအား တွန်းအားပေးဆောင်ရွက်သွားရန်" အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။