ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်အဖွဲ့တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်အဖွဲ့တို့ (၂၂.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အဖွဲ့၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  မိုးစပါး၊ နွေစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံ ဧက(၁၆) သိန်းကျော်နှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများစိုက်ပျိုးလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးဇုန်နှစ်ခုသတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းကော်ဖီဧက(၁၁၅၀၀)ဧကအား  နှစ်အလိုက်လျာထားစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျဉ်းကတိုးအစရှိသည့် နှစ်ရှည်ပင်စိုက်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိအောင်စိုက်ပျိုးနိုင်ရေးနှင့် လုပ်ငန်းရှင်များဖိတ်ခေါ်၍ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး ပုသိမ်မြို့ကိုအခြေခံ၍ နို့စားနွားမွေးမြူရေးဇုန်ကို လည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် ရေငန်တားတာများ တည်ဆောက်၍ ရေချိုထိန်းကာ နှစ်သီးစိုက်ပျိုးနိုင်အောင်ဆောင်ရွက်ခြင်း၊ ရေငန်ဒဏ်ခံနိုင်သည့် စပါးမျိုးများကိုလည်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ တိုးတက်စိုက်ပျိုးပြီး သီးထပ်စွမ်းအားမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းများရောက်ရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးက“ မိမိတို့အနေဖြင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စရပ်များကို ဖြည့်ဆည်းပေးနိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကသီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ကြဲခင်းစနစ်များလျော့နည်းပပျောက်စေရေးအတွက်လည်း ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ် ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊   စားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးပညာရှင်များ စေလွှတ်၍ တောင်သူများအား နည်းပညာများပံ့ပိုးခြင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း” ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

23-Jun-2024