ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနား၊ ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း အခမ်းအနားသို့တက်ရောက်
မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ မြကျွန်းရွှေဝါခန်းမတွင် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းကပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် အားထားရမည့် အလယ်အလတ်အဆင့်ပညာရှင်များကို မွေးထုတ်ပေးနိုင်သည့် နေတစ်နေ့ဖြစ်သည့်အတွက် မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေး စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့စိုက်ပျိုးရေးဒီပလိုမာ ဘွဲ့လက်မှတ်အပ်နှင်းခြင်းခံရသည့် မောင်မယ်များအနေဖြင့် မိမိတို့ သင်ကြားတတ်မြောက်ထားသည့် ခေတ်မီစိုက်ပျိုးရေး နည်းပညာရပ်များကို ပြန်လည်ဆင့်ပွားပညာပေးပြီး တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးအတွက် ပညာရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးကတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များအား စဉ်ဆက်မပြက်လေ့လာ၍ နိုင်ငံတော်နှင့်တောင်သူကြီးများ အားထားရသော စိုက်ပျိုးရေးအလယ်အလတ်ပညာရှင်များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားများပြောကြားရာတွင် မောင်တို့မယ်တို့သည် စိုက်ပျိုးရေးပညာကို (၃)နှစ်တိုင်တိုင် စာတွေ့၊ လက်တွေ့သင်ယူကြိုးစားခဲ့ကြ၍ ဒီပလိုမာလက်မှတ်များကို ရရှိပြီဖြစ်ပါသဖြင့် မောင်တို့မယ်တို့အတွက် ဂုဏ်ယူပါကြောင်း၊ မောင်တို့မယ်တို့ထဲမှ အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာမည့် သူများလည်းရှိပါကြောင်း၊ အလုပ်ခွင်သို့ဝင်ရောက်မည့် သူများအနေဖြင့် ကျောင်းမှသင်ကြားပေးလိုက်သည့် အတတ်ပညာများကို အခြေခံ၍ အသစ်အသစ်သောနည်းပညာများကိုဆက်လက်လေ့လာဆည်းပူးကာ တောင်သူများ၏ စိုက်ပျိုးသီးနှံများအထွက်တိုးပြီး ဝင်ငွေတိုးကာ လူနေမှုဘဝများမြင့်မားစေရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း" ပြောကြားသည်။
ထို့နောက် ပထနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်မှ ပညာရည်ချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့်ခဲ့ကြပြီး စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းခြင်းခံရသည့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကြာဖူးငုံလက်ပံကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ စိုက်ဧက(၁၅)တွင် အမှတ်(၃၈) စက်မှုလယ်ယာစခန်း(မြောင်းမြ)မှ ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်၍ မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများထံသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များပေးအပ်ခဲ့သည်။