၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ Happy ဖူဆယ်အားကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဖူဆယ်ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သောကြောင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်အသင်းများအားနှုတ်ဆက်အားပေးကာ ဖူဆယ်ဘောလုံးများနှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။