ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၊ သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်များတွင် ကော်ဖီပျိုးဥယျာဉ်နှင့် မြေပြန့်ကော်ဖီစိုက်ခင်းများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ကြားရှိ တက်ဆိပ်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး ချောင်းတူးဖော်ထားရှိမှုများ၊  ဗေဒါနှင့်အမှိုက်များဆယ်ယူထားရှိများကို ကြည့်ရှုစစ်ဆေးပြီး ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေးများကို မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီပျိုးဥယျာဉ်နှင့် ကော်ဖီစိုက်ပျိုးထားရှိများကြည့်ရှုစစ်ဆေးပြီး ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ တောင်သူများက သွင်းအားစုလိုအပ်ချက်များ၊ ခြောက်သွေ့ကာလတွင်ရေရှိရေးနှင့် နည်းပညာများပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတွင် မြေပြန့်ကော်ဖီ ဧက(၁၁၅၀၀)ဧက စိုက်ပျိုးရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၃-၂၀၂၄ ခုနှစ်အထိ (၁၁၆၃)ဧက စိုက်ပျိုးပြီးဖြစ်ကာ နှစ်အလိုက် လျာထားဧကပြည့်မီအောင်မြင်အောင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊  မြေပြန့်ကော်ဖီစိုက်ပျိုးရာတွင် စနစ်တကျဖြင့် စံနမူပြဖြစ်အောင်စိုက်ပျိုးကြရန်၊ ပျဉ်းကတိုးအစရှိသည့် နှစ်ရှည်ပင်စိုက်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိအောင်စိုက်ပျိုးနိုင်ရေးနှင့် လုပ်ငန်းရှင်များဖိတ်ခေါ်၍ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ စိုက်ပျိုးရေးနည်းပညာစင်တာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရိုဗာစတာ မြေပြန့်ကော်ဖီပျိုးထောင်ထားရှိမှု အခြေအနေများနှင့် ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာ သိရိလင်္ကာရကျောင်းတိုက်အတွင်းရှိ ရော်ဘာစိုက်ခင်း(၃)ဧကအတွင်း မြေပြန့်ကော်ဖီပင်များ သီးညှပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

16-Jun-2024