ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရှားခဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေဆုရတနာ နှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရွှေဆုရတနာ အလျား(၇၀ပေ)အနံ(၃၀ပေ)နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ နှစ်ထပ်ကျောင်းဆောင်သစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံအား အလှူရှင်မိသားစုကပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးက အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအားအမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ရှားခဲကြီး-ရှားခဲလေးသုတေသနအင်းအတွင်း ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးကြင်းဖြူ စုစုပေါင်း ကောင်ရေတစ်သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများ နှင့်အတူ အင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားခဲကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ လေးများအား တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အသိပညာပေးဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာတွဲတွင် တစ်နိုင်ငံလုံး အဋ္ဌမအဆင့်နှင့် တိုင်းဒေသကြီးတွင် စတုတ္ထအဆင့်ရရှိသည့် ကျုံပျော်မြို့နယ်၊ (အ.ထ.က) အင်းရဲကြီးကျောင်းမှ မစမ်းမေသူအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ငါးကျီးထူ ကျေးရွာအုပ်စုရှိ တောင်သူဦးခင်လှိုင်၏ စိုက်ဧက(၅)ဧကတွင်စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ လူသန့်ချောင်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာရှိ တောင်သူဦးညွန့်ဝင်း၏ စိုက်ဧက (၇)ဧကတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ထားရှိပြီး ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပြီးနောက် သရက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းအပ်နှံတက်ရောက်မှု အခြေအနေများကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

14-Jun-2024