ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ၊ အိမ်မဲမြို့နယ်၊ ကျုံကနိကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)သို့ တက်ရောက်နေသည့်  သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ တွေ့ဆုံပွဲအား သင်တန်းသား၊ သင်တန်းသူများက ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း တက်ရောက်ပြီးပါက မိမိတို့တာဝန်ကျရာဒေသအသီးသီးသို့ တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်(၃)ခုတွင် PPTT (၁၁/၂၀၂၄)သင်တန်းများနှင့် လေးနှစ်သင် သင်တန်းများကိုဖွင့်လှစ်၍ ဆရာအတတ်ပညာများကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ဘိုကလေး  ပညာရေးဒီဂရီကောလိပ်တွင် PPTT (၁၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူ (၂၉၄)ဦးနှင့် လေးနှစ်သင် သင်တန်းသား၊ သင်တန်းသူ (၄၉၃)ဦးအား ဆရာအတတ်ပညာများ သင်ကြားပေးလျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် စုစုပေါင်း ကျောင်းပေါင်း(၇၂၉၀)တွင် ဇွန်လ ၇ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်းတစ်သောင်းကျော် အပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ တပည့်များအား စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးအတွက် သွန်သင်ဆုံးမ ပေးကြသူများဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9  ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များနှင့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဥ်ဆက်မပြတ်အတန်းစဉ် ကူးပြောင်းမှုများရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ သင်တန်းမှပို့ချပေးသည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန်လိုကြောင်း" အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် အလှူရှင်များပူးပေါင်းဆောက်လုပ်သော မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊  ကျုံကနိကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား စာရေးကိရိယာပစ္စည်းများနှင့် ကရင်တိုင်းရင်းသားအကအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

09-Jun-2024