ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာ-သင်္ကန်းကြီးကားလမ်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာရှိ တောင်သူဦးမန်းဖြူ၏ စိုက်ဧက(၅)တွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့တက်ရောက်၊ လပွတ္တာမြို့နယ်၊ ရွာသစ်ကျေးရွာအခြေခံပညာမူလတန်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၇.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်္ဃန်းကြီးကားလမ်းအနီး ကမ်းပြိုသည့်နေရာသို့ရောက်ရှိ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လပွတ္တာ-သင်္ဃန်းကြီး ကားလမ်းအပိုင်းရှိ မိုင်တိုင် (၁/၇) မှ (၂/၀)အကြား၊ မိုင်တိုင် (၂/၄) မှ (၂/၅)အကြားနှင့် မိုင်တိုင် (၂/၆) မှ (၂/၇)အကြားတွင် စုစုပေါင်း အလျား (၃၃၀)ပေခန့် ကမ်းပြိုမှု ဖြစ်ပွားခဲ့သည့်အခြေအနေနှင့် ယာယီကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကာကွယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်နှင့် မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အန္တရာယ်ပြအမှတ်အသားများ ပြသဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅      ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် လပွတ္တာ-သင်္ဃန်းကြီးကားလမ်း မိုင်တိုင် ၂/၀ နှင့် ၂/၁ အကြားတွင် အလျား ၁၆၀ ပေနှင့် မိုင်တိုင် ၂/၃ နှင့် ၂/၄ အကြားတွင် အလျား ၉၅ ပေ၊ စုစုပေါင်း ၂၅၅ ပေ  တွင် Bored Pile အခြေပြုကျောက်စီနံရံဆောင်ရွက်မည့် အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ဒါလုပ်ငန်းစဉ်များ ပြီးစီးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများစတင်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့၊ နတ်စင်တစ်ရာ ဆရာတော်ကြီးအား သွားရောက်ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ပြီး သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာရှိ တောင်သူဦးမန်းဖြူ၏ စိုက်ဧက(၅)တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍  ၁၀တန်းသွားမျိုးစေ့ချစက်ဖြင့် မျိုးစေ့ချခြင်းနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာ (Seeder)ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး တောင်သူများ ထံသို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Seeder)များပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဘင်ခရာအဖွဲ့နှင့် ကရင်တိုင်းရင်းသားအကအဖွဲ့ များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းဆောင်သစ်နှင့် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြား နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

08-Jun-2024