ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၇ ရက်နေ့က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့သစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား၊ ကျောင်းသူများအတွက်  စာရေးကိရိယာပစ္စည်းများ၊ ဆန်၊ ဆီနှင့် ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ကာ ပုံဆွဲခန်း၊ ကွန်ပျူတာခန်းနှင့် သင်​ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးကျောင်းသား ၊ ကျောင်းသူများကို အသိပညာပေးသင်ကြားနေမှုများအား ကြည့်ရှုအား​ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(လပွတ္တာ)တွင် စက်မှုလက်မှုပညာသင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၀)၊  လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၇)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၇)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၇)၊ လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၄)သို့ တက်ရောက်နေသည့် သင်တန်းသားများနှင့် တွေ့ဆုံခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က“ ယခုဖွင့်လှစ်နေသည့် သည့် သင်တန်းများသည် ဒေသအတွက် များစွာအကျိုးရှိသည့် သင်တန်းများဖြစ်ပါကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုအတွက်ပါ အထောက်ပြုမည်ဖြစ်သဖြင့် မိမိမိသားစုအတွင်းရှိ ကလေးငယ်များပညာသင်ယူရာတွင်လည်း အခက်မခဲမရှိသင်ယူစေနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးပြုနေပါကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်များကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းများတွင်လည်း နည်းပညာမြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးလျက်ရှိပါ​ကြောင်း၊ သင်တန်းကာတွင် သင်ကြားပေးသည့် အတတ်ပညာများကို စိတ်ပါဝင်စားစွာဖြင့် စနစ်တကျတတ်မြောက်အောင် သင်ကြားကြရန် လိုပါကြောင်း၊  သင်ယူတတ်မြောက်သည့် ပညာရပ်များဖြင့် မိမိတို့၏မိသားစု၊ မိမိတို့၏ ဒေသအတွက် ပြန်လည်အကျိုးပြုကြစေလိုကြောင်း” အမှာစကားပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းအုပ်က လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်း​ဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့သွားရောက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ နည်းပြများနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၈)သို့ တက်ရောက်နေသည့် သင်တန်းသူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအုပ်နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းအုပ်တို့က ကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုသင်တန်းသည် အမျိုးသမီးငယ်များ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ မိသားစုအား အထောက်အပံ့ပြုနိုင်မှာဖြစ်ကြောင်း၊  အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ခေတ်နှင့်လျှော်ညီသော စက်ချုပ်ဘာသာရပ်များ၊ လက်မှုဘာသာရပ်များကိုသင်ကြားပို့ချပေးလျှက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် ပညာသင်ကြားစဥ်တွင် အချိန်ကိုအကြိုးရှိစွာအသုံးချရန်၊ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကူညီရိုင်းပင်းမှုများ ရှိရန်လိုပါကြောင်း၊ သင်တန်းမှရရှိသည့် အသက်မွေးဝမ်းကျောင်းပညာနှင့် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြရန်အတွက် သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြရန်လိုပါကြောင်း” ပြောကြားခဲ့ပြီးနောက်  ​ထောက်ပံ့​ငွေများ​ပေးအပ်ခဲ့ရာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအုပ်က လက်ခံရယူခဲသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်ထောက်ကူပစ္စည်းများ၊ သင်တန်းသူများ လက်တွေ့စက်ချုပ်ချုပ်နေမှုများနှင့် ​မော်တာစက်ချုပ်ခန်းများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာရှိ Cyclone Shulter တွင် မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို သွား​ရောက်ကြည့်ရှုခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က အမှာစကား​ပြောကြားရာတွင် "ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ် စသည် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းများ မကြာခဏဖြစ်​ပေါ်​နေပါ​ကြောင်း၊ သဘာဝဘေးအန္တရာယ် မုန်တိုင်းများဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်ပါက ထိခိုက်ပျက်စီးမှုများကို လျော့ချပေးနိုင်မည့်အပြင် အသက်အန္တရာယ်ထိခိုက်မှုများလည်း နည်းပါးစေမည်ဖြစ်ပါကြောင်း၊  ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း " ပြောကြားခဲ့ပါသည်။

ထို့​နောက် ဇာတ်တိုက်လေ့ကျင့်ခြင်း​ဆောင်ရွက်ရာတွင် တပ်စု(၁)အင်အား (၃၅)ဦးသည် ဇင်ရွဲလေးကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများအား ဦးစားပေးအဆင့်အလိုက် Cyclone Shulter သို့ ရွေ့ပြောင်းခြင်း၊ တပ်စု(၂) အင်အား(၃၅)ဦးသည် ဇင်ရွဲလေးချောင်းအတွင်း မုန်တိုင်းရှောင်ပြည်သူများ တင်ဆောင်လာသည့် စက်လှေ တိမ်းမှောက်မှုကြောင့် ရေနစ်နေသူအား ကယ်ဆယ်ခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း၊ တပ်စု(၃) အင်အား(၃၅)ဦးသည် ရွာချင်းဆက်လမ်းများပေါ်၌ မုန်တိုင်းဒဏ်ကြောင့် လဲကျနေသော သစ်ပင်များအား ရှင်းလင်းခြင်းနှင့် သစ်ပင်ပိမိနေသူများ ကယ်ဆယ်ရွေ့ထုတ်၍ Cyclone Shulter  သယ်ယူပို့ဆောင်ပေးခြင်း စသည်များကို အစီအစဉ်အလိုက် ဆောင်ရွက်ခဲ့ကြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအား​ပေးခဲ့ပြီး ​ဒေသခံပြည်သူများအား ရင်းရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ မုန်တိုင်းပညာ​ပေးလက်ကမ်းစာ​​စောင်များဖြန့်​ဝေ​ပေးပြီး မုန်တိုင်းများ၏ အန္တရာယ်ကို နားလည် သ​​ဘောပေါက်​လွယ်စေရန် အ​ရောင်နှင့်သတိ​ပေးစနစ်များအ​ကြောင်းအား အသိပညာ​ပေး ရှင်းလင်း​ပြောကြားခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၁၁၆)ဦး၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ စသည့် မိတ်ဖက်အင်အား(၅၀)ဦး၊ ပြည်သူ(၃၀၀)ဦးတို့ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခဲ့ကြပါသည်။ ထို့​နောက်တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဇင်ရွဲလေးကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် ​ကျောင်းသား ​ကျောင်းသူများ ​အေးချမ်းစွာ ပညာသင်ကြား​နေမှုများကို ကြည့်ရှု၍ အား​ပေးစကားများ​ပြောကြားခဲ့ပြီး စာ​ရေးကိရိယာများနှင့် ​ထောက်ပံ့​ငွေများ​ပေးအပ်ခဲ့ပါသည်။

07-Jun-2024