ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)နှင့် (၄)နှစ်သင်(ပထမနှစ်) သင်တန်းသား/သင်တန်းသူများအားကြိုဆိုပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)နှင့် (၄)နှစ်သင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်(၃)ခုတွင် PPTT (၁၁/၂၀၂၄)သင်တန်းများနှင့် လေးနှစ်သင် သင်တန်းများကိုဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်၍ ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးထောက်ပံ့လျက်ရှိပါကြောင်း၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် PPTT (၁၁/၂၀၂၄)သင်တန်းသား၊ သင်တန်းသူ (၄၉၄)ဦးနှင့် လေးနှစ်သင် သင်တန်းသား၊ သင်တန်းသူ (၈၁၈)ဦး စုစုပေါင်း (၁၃၁၂) ဦးအား ဆရာပတတ်ပညာများ သင်ကြားပေးလျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် စုစုပေါင်း (၇၂၉၀)ကျောင်းတွင် ဇွန်လ ၆ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁)သိန်းကျော် အပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူ မောင်မယ်များသည် ပညာရေးဒီဂရီကောလိပ်ကျောင်းတော်ကြီးတွင် ပညာသင်ကြားဆည်းပူးမှုများ ပြုလုပ်၍ မိမိတို့တာဝန်ကျရာ အခြေခံပညာကျောင်းအသီးသီးသို့ ဝင်ရောက်တာဝန်ထမ်းကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိရာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ဆရာ၊ ဆရာများမှ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များ၏ လက်ဦးဆရာ စံနမူနာပြများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှု၊ အပြောအဆို၊ အနေအထိုင်မှစ၍ ဂရုပြုရန်လိုပါကြောင်း၊ မိမိတို့သင်တန်းများပြီးဆုံး၍ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်အခါတွင်လည်း ဒေသ၌ရှိသည့် ပညာရေးကိုလိုလားသည့် ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနေကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိပြည့်ဝအောင် သင်ကြားပေးရမည်ဖြစ်ပြီး ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ် လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအား မိမိအနေဖြင့်များစွာဂုဏ်ယူပါကြောင်းနှင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များနှင့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဥ်ဆက်မပြတ်အတန်းစဥ်ကူးပြောင်းမှုများရှိစေရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း" ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက သင်တန်းများဖွင့်လှစ်ရခြင်းအကြောင်းများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးသင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။