ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ စားရေးကိရိယာပစ္စည်းများ၊ ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မြောင်းမြခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးရှင်းလင်းပြောကြားမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်တွေ့ဆောင်၊ အမျိုးသမီးအိပ်ဆောင်၊ ထမင်းစားဆောင်၊ ငါးသားဖောက်ရုံ၊ အစာဂိုဒေါင်၊ အသားတိုးကြက်ခြံ၊ ဥစားကြက်ခြံ၊ ဆိတ်မွေးမြူရေးခြံ၊ နွားမွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးတွင်စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကို အခြေခံပညာနှင့်တွဲ၍ ဖွင့်လှစ်ထားသဖြင့် ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုများပြားလာစေပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များလည်း ပေါ်ထွက်လာစေမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသည် စိုက်ပျိုး၊ မွေးမြူရေးမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံထုတ်လုပ်လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းပြီးဆုံးပါက အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာကြမည်ဖြစ်ပါကြောင်း၊  ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမည်ဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမည်လည်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကွင်းများတွင် တောင်သူဦးကြီးများအား  မိမိတို့သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များဖြင့် အလယ်အလတ်အဆင့်ပညာရှင်များ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” မှာကြားခဲ့ပါသည်။

06-Jun-2024