ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက မြောင်းမြပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ၏ လက်ဦးဆရာများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၁/၂၀၂၄)ကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် မင်္ဂလာရှိသည့်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများအပါအဝင် ကျောင်းပေါင်း(၇၂၉၀)ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူမောင်မယ်များအနေဖြင့် သင်တန်းပြီးဆုံးပါက မိမိတို့တာဝန်ကျရာဒေသများကို သွားရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အခြေခံပညာကျောင်းများ၏ ဆရာ၊ ဆရာမလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ပြီး စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ မိမိတို့၏ တပည့်များကို သင်ကြားပေးနေသူများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် အများအကျိုး ကိုယ်ကျိုးမဖက် ဆောင်ရွက်တတ်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးအတွက် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင်ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များအပေါ် မတတ်သည်များကိုတတ်အောင်၊ မသိသည်များကိုသိရှိအောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကိုကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေး သူများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည်  တပည့်များ၏ စံနမူနာပြဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုကိုလည်း ဂရုပြုရန်လိုပါရန်လိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9  ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာများအနေဖြင့် သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ပါက ကျောင်းသားကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းနေ အရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်းနှင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဗလငါးတန်ပြည်စုံသောလူငယ်ရွယ်များ၏ စံပြအားထားရသော ဆရာ၊ ဆရာများဖြစ်ကြပါစေကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများနှင့် ဆန်၊ ဆီ၊ ကြက်ဥများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက်သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်တင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

06-Jun-2024